(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ဒိုက်ပြင်-ကော့မူးသွေ ကွန်ကရစ်လမ်းသစ်ဖွင့်

ဘားအံ မတ် ၁၉

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ်အတွင်း ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အနန္တာမြေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ကော့ဒိုက်ပြင်-ကော့မူးသွေ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် လမ်းသည် ကရင်-မွန်ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင်အဖြောင့်လမ်းအား ချိတ်ဆက်ထားသည့်လမ်းဖြစ်သည့်အတွက် ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းဖြစ်ပြီး ကျေးလက်ထုတ်ကုန်များကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံး ရောက်ရှိခြင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအဆင်ပြေ ချောမွေ့၍ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ချောမွေ့၍ မိသားစုတစ်ဦးချင်းဝင်ငွေများတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သော ကော့ဒိုက်ပြင်-ကော့မူးသွေကွန်ကရစ်လမ်းသစ်သည် စုစုပေါင်းလမ်းအရှည်(၁) မိုင်(၃)ဖာလုံ ရှိသည့်အနက် မူလကွန်ကရစ်လမ်း(၂)ဖာလုံရှိပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (၅၂၇ ဒဿမ ၅၄၉)သန်းဖြင့် အနန္တာမြေကုမ္ပဏီမှ မြေသားတာ ဘောင်ချဲ့ခြင်းလုပ်ငန်းအပါအဝင် (၁၄)ပေအကျယ် ကွန်ကရစ်လမ်း(၁)မိုင်(၁)ဖာလုံနှင့် ပေ(၂၀) ကွန်ကရစ်တံတားတစ်စင်းအား တင်ဒါအောင်မြင်ဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၄၄၂)အိမ်နှင့်လူဦးရေ(၂၀၁၅)ဦးကို အကျိုးပြုစေမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)