ကျုံပျော် မတ် ၂၀
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျေးရွာရှိ ပြည်လုံးချမ်းသာ ဘုရားတန်စောင်း၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် ပြည့်သူစစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျာမင်းက ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကို သေချာစွာနားလည် သိရှိရန် လိုအပ်ကြောင်း၊ အဖျက်အမှောက် မီဒီယာများ၏ ကောလဟာလသတင်းများကို မယုံကြည်ပဲတာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှု များကိုသာ ယုံကြည်ကြရန် လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအား အခြားနိုင်ငံများတွင်လည်း ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ အရွယ်ရောက်သူတိုင်း ပြည်သူ့စစ်မှုထမ်း ဥပဒေပါ သတ်မှတ်အသက် အပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည့်သူစစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေအောင်က စစ်သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ စစ်သည်တစ်ဦး ရရှိမည့် အကျိုးခံစားခွင့်များ၊ သင်တန်း ပြီးမြောက်ပါက မိမိရပ်ရွာ ဒေသနှင့် နီးစပ်သော တပ်ဖွဲ့ဌာနများတွင်သာ တာဝန်ထမ်းဆောင်ရမည့် ကိစ္စများ၊ နိုင်ငံသားတိုင်း စစ်ပညာတတ်မြောက်ထားစေရေး ရည်ရွယ်ချက်များ၊ ပြည်တွင်း/ပြည်ပအဖျက်အမှောက် အန္တရာယ်များ ကျရောက်ပါက ကာကွယ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အတွင်းရေးမှူး ဦးသန်းမင်းနိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေပါ အချက်များအား ရှင်းလင်း ပြောကြားခြင်း၊ ကောလဟာလ သတင်းများနှင့် ပတ်သက်၍ ပြန်လည်ချပြ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် အင်းရဲကျေးရွာ အုပ်စုနှင့် အင်းမ ကျေးရွာအုပ်စုတို့မှ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည့် မေးမြန်းမှုများအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
R-035(ကျုံပျော်)