ကန့်ဘလူမြို့၌ သက်တမ်းလွန်ဆေးဝါးများနှင့် စားသောက်ကုန်များ ရောင်းချမှုရှိ/မရှိစစ်ဆေး

ကန့်ဘလူ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဆေးဝါးများနှင့် စားသောက်ကုန်များရောင်းချနေသော စျေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများနှင့် စားသုံးရန်မသင့်သော အစားစာများ ရောင်းချမှုမရှိစေရေးအတွင် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က အမှတ်(၂)ရပ်ကွက်ရှိ ဆေး/ကုန်စုံဆိုင် ၄ ဆိုင်၊ အမှတ် (၅) ရပ်ကွက်မှ ဆေး/ကုန်စုံဆိုင် ၃ ဆိုင်တို့ကို ဝင်ရောက်စစ်ဆေးပြီး ရက်လွန်ဆေးဝါးနှင့် အစားအသောက်များ၊ ဆိုးဆေးပါသော အစားအစာများ၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုနှင့် မြန်မာစာတမ်းမပါသော အစားအသောက်များ ရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးပြီး အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)