ကော့သောင်းမြို့နယ်၌ မဲရုံအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်းပို့ချ

ကော့သောင်း၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်၉ နာရီ အချိန်က အေးရိပ်ငြိမ်ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများက ဆင့်ပွားပို့ချခဲ့သည်။

ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်ပြည်သူများ အချိန်ကြန့်ကြာမှုမရှိစေဘဲ လျင်မြန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန်၊ မဲရုံအဖွဲ့ဝင်များမှ မိမိတို့ထမ်းဆောင်ရမည့်တာဝန်ကို သိရှိပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ကူညီဆောင်ရွက်ပေး နိုင်ရန် ဆင့်ပွားပို့ချခြင်းဖြစ်ကြောင်း သိရပြီး ဒုတိယမဲရုံမှူးများက လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးခဲ့ကြရာတက်ရောက်လာသည့်မဲရုံအဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆင့်ပွားသင်တန်းကို ကော့သောင်းမြို့၊အေးရိပ်ငြိမ်ရပ်ကွက်က မဲရုံများမှာ တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်(၄၈)ဦး တက်ရောက်ခဲ့ကြပြီး အလားတူ မြို့ပေါ်အခြားရပ်ကွက်များနှင့် ကျေးရွာမဲရုံများမှာ တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များကို သက်ဆိုင်ရာရပ်ကွက်နဲ့ကျေးရွာများအလိုက် မဲရုံမှူး/ ဒုတိယမဲရုံမှူး များက ဆင့်ပွားပို့ချပေးသွားမည်ဖြစ်သည်။

ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၇) အုပ်စုနဲ့  မဲရုံပေါင်း(၇၅)ရုံ ဖွင့်လှစ်ဆောင်ရွက် သွားမှာဖြစ်ပြီး အဆိုပါမဲရုံများမှာတာဝန်ထမ်းဆောင်မည့်  မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် (၁၂၉၂)ဦး ရှိကြောင်းသိရသည်။

 ကျော်စိုး (ကော့သောင်း)