ပဲခူးမြစ်ကူး သစ်သားဘေလီတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်

ပဲခူး မတ် ၂၀

ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ညောင်ဝိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးကြီးသို့ ဆက်သွယ်တည်ဆောက်ထားသည့် ပဲခူးမြစ်ကူး သစ်သားဘေလီတံတားအား သံကူကွန်ကရစ် တံတားအဖြစ်အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ် ငွေကျပ် ၄၃၅ သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေကျပ်၉၉၀ သန်း၊ စုစုပေါင်းငွေကျပ်  ၁၄၂၅ သန်းဖြင့် တံတားတည်ဆောက်ရေး-၃၊ တံတားအထူးအဖွဲ့- မှ  တာဝန်ယူတည်ဆောက်လျှက်ရှိသည့်  အလျား-၃၂၀ပေ၊ အကျယ်-၁၈ပေ၊ တံတား‌အောက်ရေလမ်းကင်းလွတ်အမြင့်ပေ ၃ပေ၅လက်မ(အမြင့်ဆုံးရေအမှတ်မှ)၊ ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး အဆိုပါ တံတားပြီးစီးသွားပါက ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ခြင်း၊ ပြည်သူများသွားလာမှု အဆင်ပြေခြင်း၊ ပဲခူးမြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုများမှ လျော့နည်းစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)