ရွှေတောင် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ညောင်စာရေးကျေးရွာအုပ်စု၊ ညောင်စာရေးကျေးရွာနှင့် ဇီးကျွန်းကျေးရွာအုပ်စု၊ ဧရာဦးကျေးရွာ ဆက်သွယ်သည့်လမ်း (မြေသားလမ်း) အား ကျောက်ချောလမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာ အုပ်စု၊ ဝါးတောကျေးရွာ၊ ရွှေငါးကြင်းပေါ်ဘုရားဓမ္မာရုံတွင် ဝါးတောကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုတို့ရှိ နွေနှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံပြီး လိုအပ်သည့်သွင်းအားစုများနှင့် နှမ်းမျိုးများ ရရှိမှုအခြေအနေ၊ မြေပြင်ထွန်ယက်စိုက်ပျိုးပြီးစီးမှု အခြေအနေတို့အား ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)