ကျုံပျော်တွင် နယ်လှည့်နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်

ကျုံပျော် မတ် ၂၀

 ပြည်သူများ အသိပညာ၊ ဗဟုသုတ တိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကာ  ယမန်နေ့‌ နေ့လယ် (၁) နာရီက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ အသိပညာပေး ဟောပြောပွဲကို မြဝတီရပ်ကွက်ရှိ မဏိရတနာရာမ ကျောင်းတိုက်အတွင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ပြုလုပ်ရာ ရပ်ကွက်အတွင်းရှိ ပြည်သူများ စိတ်ဝင်စားစွာ ဖတ်ရှု‌ လေ့လာကြပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်၊စာပေနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းမကောင်း၊ နံရံကပ်စာစောင်တွင် ပြသထားသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ရှောင်ရှားရေး ပညာပေးကိစ္စများကို၎င်း  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေး ဟောပြောပွဲအား ဆက်လက် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက  စာဖတ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတာဝန်ရှိသူများက ကျန်းမာရေး ဂရုပြုနေထိုင်ရမည့်အချက်များကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)