ကော့သောင်း မတ် ၁၈
(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် (၁၂) မိုင်ကျေးရွာတွင် GOOD WATER (KAWTHOUNG)CO., LTD မှဆောင်ရွက်သည့် သောက်သုံးရေသန့်ပေးဝေရေးစက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် GOOD WATER (KAWTHOUNG)CO., LTD မှ PRESIDENT MR.TAWEESAK တို့က သောက်သုံးရေသန့်ပေးဝေရေး စက်ရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားရာ ကော့သောင်းမြို့ပေါ် (၁၀) ရပ်ကွက်ရှိ အိမ်ခြေ (၈၆၆၆)၊ လူဦးရေ (၄၅၃၃၇) ဦးရှိပြီး တစ်နေ့တာရေလို အပ်မှု (၉၀၆၄၀၀) ဂါလံ (ကိုးသိန်းခြောက်ထောင်လေးရာဂါလံ)ကိုလိုအပ်လျက်ရှိပြီး မူလဂါလံ(၂၈) သန်းဆံ့ယင်းဝါ ရေလှောင်တမံကို အသုံးပြု၍သော်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ သော်လည်းကောင်း ရေများ ဖြန့်ဝေလျက်ရှိ ရေလုံလောက်မှုမရှိသည်ကိုတွေ့ရသည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ကော့သောင်းမြို့သူ၊ မြို့သားများ ရေဖူလုံမှုရှိစေရေးအတွက် ရေလုံလောက်စွာရရှိရေးလုပ်ငန်းကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါသောက်သုံးရေးစီမံကိန်းအား ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ သဘာဝရေသိုလှောင်ခြင်း၊ ရေသန့်စင်ခြင်း၊ ရေဖြန့်ဖြူးမှု ခွဲဝေ သုံးစွဲ ခြင်းအတွက် (၁)ရက်လျှင် ကုဗမီတာ၁၂၀၀၀ ပေးနိုင်သည့် W.H.O ကသတ်မှတ်ထားသည့် အဆင့်မီ သောက်သုံးရေသန့် အပြည့်အဝရရှိရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်စေခဲ့ကြောင်း၊ မြို့ပေါ်(၁၀) ရပ်ကွက်နှင့်နီးစပ်ရာ ကျေးရွာများအထိ (၁) နှစ်ပတ်လုံး ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်မှာဖြစ်သည့် အတွက်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ယင်းနောက် GOOD WATER (KAWTHOUNG)CO.,Ltd မှ Project Director ဦးမျိုးကျော်မှ ကော့သောင်းမြို့ သောက်သုံးရေသန့်ပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး GOOD WATER(KAWTHOUNG) CO.,Ltd မှ တာဝန်ရှိသူက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အား လက်ဆောင်ပစ္စည်းများနှင့် အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့ပေါ်ရပ်ကွက်အတွင်း ရေပေးဝေရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)