ရွှေဘိုတက္ကသိုလ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်

ရွှေဘို မတ် ၂၀

ရွှေဘိုတက္ကသိုလ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်၌ ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီ‌ရောက်ပြီဖြစ်၍ မီးကိုပေါ့ဆစွာ အသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ လာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်စေရန် ရည်ရွယ်၍ ရွှေဘိုတက္ကသိုလ်တွင် မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြအခမ်းအနားကို ကျင်းပပြုလုပ် ကြောင်းနှင့် အဆိုပါ သရုပ်ပြအခမ်းအနားတွင် ရှာဖွေကယ်ဆယ်ခြင်း၊ ဆီမီးလောင်မှု (HNE) ကျောလွယ်မီးငြှိမ်းသတ်မှု ကိရိယာဖြင့် ငြှိမ်းသတ်ခြင်း၊ မီးလောင်ပြင်တွင် မီးငြှိမ်းသတ်ခြင်း စသည်တို့အား လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။

အဆိုပါမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြအခမ်းအနားသို့ ရွှေဘိုတက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြများ၊ ရုံးဝန်ထမ်းများ (၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး မီးငြှိမ်းသတ်ခြင်း သရုပ်ပြရာတွင် လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ထွန်းခိုင်