မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ အကျိုးဖြစ်ထွန်းစေမည့် စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဖွင့်လှစ်

မင်းဘူး မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများကို မြေပြင်တွင် လက်တွေ့ဖြန့်ဝေ ဆောင်ရွက်ပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ဇင်ကျေးရွာအုပ်စုရှိ သိမ်ကုန်းရှေ့တန်းစခန်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကဗျည်းမော်ကွန်းအား အမွေးနံ့သာရေများ ပက်ဖျန်းပေးကာ သင်တန်းခန်းမအတွင်း၌ ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းပညာသင်တန်းများ ပို့ချပေးနေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်၍ သင်တန်းကျောင်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ထို့နောက် သင်တန်းကျောင်းလွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက သင်တန်းကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးထံ သင်တန်းကျောင်းနှင့် စာသောက်ဆောင်ဆောက်လုပ်ပြီးစီးမှု မှတ်တမ်းဖိုင်အား လွှဲပြောင်းပေးအပ်၍ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကျောင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် လုပ်ငန်းနှစ်ရပ်ခွဲ၍ ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း၊ RC တစ်ထပ် စာသင်ဆောင် ပင်မအဆောက်အဦ (ပေ ၉၀ x ပေ ၃၀ x ၁၂ ပေ) အရွယ်အစားရှိ ပထမလုပ်ငန်းတစ်ရပ်ကို ခွင့်ပြုငွေ ၁၆၁ ဒသမ ၅၄၁ ကျပ်သန်းဖြင့်လည်းကောင်း၊ အလားတူ (ပေ ၆၀ x ပေ ၃၀ x ၁၂ ပေ) အရွယ်အစားရှိ RC တစ်ထပ် စားသောက်ဆောင်နှင့် မီးဖိုဆောင်အပြင် ရေစင်၊ ရေကန်နှင့် လျှပ်စစ်မီးသွယ်တန်းခြင်း ဒုတိယလုပ်ငန်းတစ်ရပ်ကို ခွင့်ပြုငွေ ၁၆၀ ဒသမ ၉၀ ကျပ်သန်းတို့ဖြင့် ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုက တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းထံက သိရသည်။

အဆိုပါ သင်တန်းကျောင်း ဆောက်လုပ်နိုင်ခဲ့သည့်အတွက် ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲများ၊ အခြားဖွံ့ဖြိုးရေးကဏ္ဍများနှင့် စိုက်ပျိုးနည်းပညားပေးလုပ်ငန်းများကို သတင်းအချက်အလက်ဆက်သွယ်ရေး (ICT)နည်းပညာများအသုံးပြု၍ ဒေသခံတောင်သူများအတွက် ကဏ္ဍအစုံ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်လုပ်မှု အသိပညာနှင့် အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာကာ သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် မကွေးတိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံစေရေးကို များစွာအထောက်အကူပြုစေမှာဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)