ကျုံပျော် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၇၀၀)ကျော်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်ဧရာမင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထံသို့၎င်း၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့မှုများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများမှ တစ်ဆင့် ကာယကံရှင်များ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်လျက်ရှိပြီး ကျုံပျော်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၇) အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၁၉၉၁)ဦး၊ အသက် (၂)နှစ်အောက် ကလေးသူငယ် (၂၈၀၁)ဦး၊ စုစုပေါင်း (၄၇၉၂)တို့အား ဇန်နဝါရီလအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၇၁၈၈၀၀၀ဝိ/)ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)