ပန်းတောင်းမြို့နယ် ဖောင်းကန်ရပ်ကွက်၌ တစ်နိုင်တစ်ပိုင် အိုးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပန်းတောင်း မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဖောင်းကန်ရပ်ကွက်တွင် အသေးစားအိမ်တွင်းမှုလုပ်ငန်းဖြစ်သည့်‌ မြေအိုးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိရာ ယနေ့နံနက် (၉:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ဖောင်းကန်ရပ်ကွက်ရှိ အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းရှိန်နှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်နိုင်တစ်ပိုင်အိုးလုပ်ငန်းတွင် လုပ်သားဦးရေ (၆) ဦးဖြင့်သာ လုပ်ကိုင်လျက်ရှိပြီး အိုးလတ်၊ အင်တုံကြီး၊ ဘဲခေါင်းဇီးကွက်၊ ဇီးကွက်ရိုးရိုး၊ ရေအိုး၊ ပန်းခွက်၊ အိုးနုတ်၊ သင်္ကြန်အိုးများ ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင်အိုးကြမ်း အလုံး (၃၅) လုံးခန့် ထုတ်လုပ်နိုင်ပြီး၊ မြေအိုးတစ်လုံး၏ ဈေးနှုန်းမှာ အမျိုးအစားနှင့် အရွယ်အစားပေါ်မှုတည်၍ (၂၅၀) ကျပ်မှ (၁၆၀၀) ကျပ်အထိရှိကြောင်း သိရှိရပါသည်။ လုပ်အားခအနေဖြင့် တစ်နေ့လျှင် အိုးပုံဖော်၊ အိုးမော်၊ အိုးဆွ၊ အိုးပြန်ဖွစသည့် လုပ်ငန်းအတွက် အလုပ်သမားတစ်ဦးလျှင် (၆၂၅၀) ကျပ်၊ မြေအိုးဖုတ်သည့် လုပ်သားတစ်ဦးလျှင် (၂၀၀၀၀) ကျပ်ရရှိကြောင်း သိရသည်။ စျေးကွက်အနေဖြင့် ကြံခင်း၊ မြန်အောင်၊ ပြည်၊ ရွှေတောင်၊ ကံမ၊ သရက်၊ မင်းတုန်းနှင့် အခြားမြို့များသို့ လက်လီလက်ကားပေးပို့ရောင်းချလျက်ရှိပြီး အိုးဖိုတစ်ဖိုလျင် အမြတ်ကျပ် (၅၀၀၀၀) ခန့်ရရှိကြောင်း သိရှိရပါသည်။

လပြည့်လင်း (ပြန်/ဆက်)