တနင်္သာရီ နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများ၊ မဲဆန္ဒနယ်မြေကျော်လွန်၍ တာဝန်ထမ်းဆောင်ကြရမည့် ဝန်ထမ်း များမှ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲကို ဆက်လက်ပေးလျက်ရှိကြောင်း ချောင်းကြီးရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁) အုပ်စု၊ စုစုပေါင်း (၂၆) စုတွင် မဲရုံ (၉၇) ရုံရှိပြီး၊ (ဒုတိယအကြိမ်) မဲစာရင်းကြေငြာချက်အရ မဲဆန္ဒရှင် ပြည်သူ အားလုံး ပေါင်း (၈၀၀၀၀) ဦးကျော်ရှိသည်အနက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူပေါင်းမှာ (၇၂၄၀) ဦးခန့်ရှိပြီး၊ မသန်စွမ်းသည့်မဲဆန္ဒရှင်ပြည်သူ (၉၀) ကျော်ရှိကြောင်း၊ ၎င်းတို့ ကြိုတင်မဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ လမ်းညွှန်ချက်အတိုင်း ယနေ့တွင် စီစဉ်ထားရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)