ကြံခင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား အသေးစိတ်ရှင်းလင်းတွေ့ဆုံ

ကြံခင်း မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းသည် ကြံခင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား အသေးစိတ်ရှင်းလင်းတွေ့ဆုံ ဆွေးနွေးပွဲကို  ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍  ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ပြည်သူ့စစ်မှုထမ်းရန် မှတ်ပုံတင်စာရင်းသွင်းသူများအား ဟောပြောရာ “နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေး တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတာဝန်ရှိသည်” ဟူသော ဆောင်ပုဒ်နှင့် အညီ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများသိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို‌ကြောင်း၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၅)အုပ်စုသို့ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများအား ကွင်းဆင်း ဆောင်ရွက်မှုအခြေအနေအား တင်ပြပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းကြရာ  တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပေးခဲ့ကာ တက်ရောက်လာသူများဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)