ရေဖြူ နိုဝင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ညင်းထွေးကျေးရွာရှိ တောင်သူ ဦးစိုးသိန်း၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဆင်းသုခမျိုးစေ့ထုတ် စိုက်ကွက်အား နိုဝင်ဘာလ ၃ရက် နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။
အဆိုပါ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း (၁၀၁) တင်းခန့် အခြောက်(၉၀)တင်း ထွက်ရှိကြောင်း၊ ရေဖြူမြို့နယ်အနေဖြင့် နည်းပညာပေးရန်မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်(၁၂၀)ဧကကို စိုက်ပျိုးထားရှိကြောင်း၊ မိုးစပါးမျိုးစေ့ အမျိုးအစားများအနေဖြင့် ဆင်းသုခ စပါးများအား မြို့နယ် အတွင်းတွင် မိုးစပါး မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး ၊ မျိုးစေ့ထုတ်ကွက်များအတွင်းရောဂါ၊ ပိုးမွှားများ ကျရောက်မှု မရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ထုတ်ပေးထားရှိပြီးဖြစ်ပါကြောင်း၊ ဒေသခံ တောင်သူများ အနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ကွက်များအတွင်း နည်းပညာ အကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများ ရယူနိုင်ပါကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီး ဌာနမှူးဒေါ်စန်းစန်းတင့်က ပြောကြားခဲ့သည်။
ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)