တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စကုမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (စကု)နှင့် အ.ထ.က(ခွဲ)တောင်ရပ် RCC ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

မင်းဘူး မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စကုမြို့ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု)နှင့် အ.ထ.က(ခွဲ)တောင်ရပ်ကျောင်းတို့၌ RCC သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကုမြို့ရှိ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်းရှိ RCC သုံးထပ်ကျောင်းဆောင်သစ် နှစ်ဆောင်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဧည့်ခံဖျော်ဖြေရေးအဖွဲ့ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ကာ ကျောင်းဆောင်သစ် ကဗျည်းမော်ကွန်းများအား အမွေးနံ့သာရေများပက်ဖျန်း၍  စာသင်ဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး စကုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်း ရှင်းလင်းဆောင်၌ ကျောင်းဆောင်သစ်နှစ်ဆောင် လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ် ဆရာ/ဆရာမကြီးများထံ RCC သုံးထပ်ကျောင်းဆောင်သစ် မှတ်တမ်းဖိုင်များကို လွှဲပြောင်းပေးအပ်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျောင်းဆောင်သစ်နှစ်ဆောင် ဆောက်လုပ်ပေးနိုင်ခဲ့မှုပေါ် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေများဖြင့် မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု)၌ (အလျား ၁၇၄ ပေ x အမြင့် ၃၂ ပေ)အရွယ်အစားရှိ RCC သုံးထပ်ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၈၁၅ ဒသမ ၆၃၁ ကျပ်သန်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်း၌ (အလျားပေ ၁၀၀ x  အမြင့်ပေ ၃၀)အရွယ်အစားရှိ RCC သုံးထပ် ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၄၃၉ ဒသမ ၄၅၇ ကျပ်သန်းတို့ဖြင့် ဆောက်လုပ်ခဲ့ကြောင်း၊ ယခုလို စာသင်ကျောင်းဆောင်အသစ်များ တို့ချဲ့ဆောက်လုပ်ပေးနိုင်ခဲ့သည့်အတွက် အဆိုပါကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက လာမည့်ပညာသင်နှစ်များတွင် ဘာသာရပ်သင်ခန်းစာများကို စာသင်ခန်း ကျယ်ကျယ်ဝန်းဝန်းဖြင့် စိတ်အေးချမ်းသာစွာ တက်ရောက်ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)