ဖျာပုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

ဖျာပုံ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးငွေမင်းထိုက်တို့က တက်ရောက်လာကြသော မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန် မလို‌ကြောင်း၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်တို့ အားအသေးစိတ် ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ဖျာပုံမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူစုစုပေါင်(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ဖျာပုံ မြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခြင်းတို့ကို သက်ဆိုင်ရာ ရပ်/ ကျေးအုပ်စုအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

(ဖျာပုံခရိုင်ပြန်/ဆက်)