လိပ်သို မတ် ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဝါးအမျိုးမျိုးမှရရှိသော မျှစ်များကို ကုန်ကြမ်းအဖြစ် ရောင်းချကြသည့်အပြင် တာရှည်အထားခံအောင် ထုတ်လုပ်ထားသော မျှစ်စားသုံးကုန် အမျိုးမျိုးမှာလည်း ယခုနွေရာသီကာလ ရောက်ရှိချိန်တွင် ရှာဖွေ ဝယ်ယူ စားသုံးသူများ တိုးပွားလာလျက်ရှိကြောင်း သိရသည်။
ယခင်နှစ်ကာလများက ဒေသခံများမှာ မျှစ်များကို မိသားစုစားသုံးရန်အတွက်သာ တာရှည်ခံအောင်ပြုလုပ်ထားသို သိမ်းဆည်းလာခဲ့ကြရာမှ တိုးတက်လာသော နည်းပညာအကူအညီများရရှိလာကာ စနစ်တကျသန့်ရှင်းစွာ ထုတ်လုပ်ထုတ်ပိုးပြီး ထားသိုတတ်လာ ကြခြင်းကြောင့် နွေရာသီကာလ ရောက်ရှိလာလျှင် ဝယ်ယူစားသုံးသူများ တိုးပွားလာလျက်ရှိကြောင်း သိရသည်။
ဒေသခံ စီးပွားရေး အမြင်ကျယ်သူများက ငွေကြေးများ စိုက်ထုတ် ရင်းနှီးမြှပ်နှံကြပြီး နည်းပညာနှင့် စက်ပစ္စည်းများအသုံးပြုကာ မျှစ်ချဉ်၊ မျှစ်ချဉ်ခြောက်၊ ရိုးရိုးမျှစ်ခြောက်၊ မျှစ်ချိုများကို စားသုံးသူများ အကြိုက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တာရှည်အထားခံအောင် ထုတ်လုပ် ထုတ်ပိုး သိုလှောင်ထားကြပြီး နွေရာသီကာလသို့ ရောက်ရှိချိန်တွင် ဒေသတွင်းအပြင် တောင်ငူ၊ ရန်ကုန် စသည့်အခြားမြို့ကြီးများသို့ ပို့ဆောင်ရောင်းချခြင်းဖြင့် အကျိုးအမြတ် ရရှိလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)