ပေါင်းတည်မြို့နယ်ရှိ ဗျက်ကြီးတောင်၊ညောင်တန်းနှင့်ဗျက်ကြီးမြောက်ကျေးရွာ(၃)တွင်(NEP)အစီအစဉ်ဖြင့် လျှပ်စစ် မီးလင်းရေးအောင်ပွဲများကျင်းပ

ပေါင်းတည်        နိဝင်ဘာ  ၄

နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ  မီးလင်းနိုင်ရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ   ကျေးရွာ (၂၁)ရွာအား ၂၀၂၀-ပြည့်နှစ်၊ အတွင်း မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင်(၂)မိုင်အတွင်း ကျေးရွာများမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃)နာရီခွဲမှစတင်၍  ဗျက်ကြီးတောင်ကျေးရွာ ညောင်တန်းကျေးရွာနှင့်ဗျက်ကြီး မြောက်ကျေးရွာ (၃)ရွာတို့တွင် မီးလင်းရေးအောင်ပွဲများ  ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိင်နှင့် ပေါင်းတည်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးလူမော် တို့က  အခမ်းအနားအား  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိင်တို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး ပေါင်းတည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးလူမော်က NEP စီမံကိန်းဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးရသည့် ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များအား အသိပညာပေးပြောကြားခဲ့ရာ ကျေးရွာ ၃ ရွာ မီးလင်း ရေးကော်မတီ အဖွဲ့၀င်များကြသော ဦးထွန်းထွန်းဝင်း ဦးအောင်လွင်ဦးနှင့် ဦးခင်မောင်ဝင်းတို့မှ  ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ထို့နောက် တက်ရောက်လာသူ ဒေသခံပြည်သူများအား မြို့နယ်လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်