စေတုတ္တရာ မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွား(၂၂၃)ဦးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အဘိုး၊ အဘွားများ၏ လက်ဝယ်အိမ်တိုင်ရာရောက် ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က သွားရောက်ထောက်ပံ့ကြောင်း သိရသည်။
အဆိုပါ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများအတွက် လူမှုရေးပင်စင်များကို ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်၊ ကျေးစာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် အဘိုးအဘွားများထံ သွားရောက်ထောက်ပံ့ပေးခြင်းဖြစ်ရာ ထိုသို့ထောက်ပံ့ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တတိယသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အဘိုး၊ အဘွားတစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာ ကျပ်သုံးသောင်းတိတိကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
စေတုတ္တရာမြို့နယ်တစ်မြို့နယ်လုံးရှိ ရပ်ကွက်၊ ကျေးရွာ(၄၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် အဘိုး(၆၇)ဦး အဘွား(၁၅၆)ဦး စုစုပေါင်း(၂၂၃)ဦးအတွက် လူမှုရေးပင်စင်ငွေကျပ်(၆၆၉၀၀၀၀)ကျပ် ထောက်ပံ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)