ကျုံပျော် မတ် ၁၉
(၁၆)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ မြင်းမူဆရာတော် ဘဒ္ဒန္တပညာသီရိလင်္ကာရ ဆရာတော်အား ပူဇော်ဂုဏ်ပြုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြတ်ချမ်းသာဘုရားကြီး တန်ဆောင်းအတွင်း၌ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ (၃)ကြိမ် ဘုရားကန်တော့ ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြတ်ချမ်းသာ ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လွင်မှ ဆရာတော်ဘုရား ကြွရောက် တရားချီးမြှင့်တော် မူသည့်အတွက် ဝမ်းမြောက်ကြောင်း လျှောက်ထားပြီး ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းက မြို့နယ်၏ သာသနာရေးဖွံဖြိုးမှု ဆောင်ရွက်နေသည့် ကိစ္စရပ်များအား တင်ပြလျှောက်ထားသည်။
ထို့နောက် ကျုံပျော်မြို့ မြတ်ချမ်းသာဘုရား ဝတ်ရွတ်အဖွဲ့မှ ဆရာတော်အား ဂုဏပူဇာ မေတ္တာပို့ဂါထာဖြင့် ဝတ်ရွတ်ပူဇော်ကြပြီး၊ အလှူရှင်များ ဖြစ်ကြသည့် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင် အသီးသီးတို့က သင်္ကန်းနှင့် ဓမ္မပူဇာ အလှူတော် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်မှ ရေစက်ချတရား ချီးမြှင့်တော်မူပြီး ၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။