ကော့သောင်း မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဖွင့်လှစ်သော အရန်သားဖွား(၆)လသင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ပြုလုပ်သည့်အခမ်းအနားသည် မိမိတို့ဒေသ၊ ရပ်ရွာတွင်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအား ဒေသခံ၊ သင်တန်းတက်ရောက်ထားသည့် သင်တန်းသူများမှ အတိုင်းအတာတစ်ခုအထိ စောင့်ရှောက်ကူညီပေးနိုင်ရေးအတွက် (၆) လတာ စာတွေ့၊ လက်တွေ့သင်ကြားပေးမှု သင်တန်းပြီးမြောက်သည့် သင်တန်းဆင်းပွဲဖြစ်သည့်အတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှုူလုပ်ငန်းအတွက် အကျိုးရှိ၊ မင်္ဂလာရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများဖြစ်သည့် အရန်သားဖွားဆရာမများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုနှင့် လေ့ကျင့်မွေးထုတ်ပေးရသည့် အဓိကရည်ရွယ်ချက်ဖြစ်သည့် ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ မွေးဖွားခြင်းနှင့် မွေးဖွားပြီးစောင့်ရှောက်ခြင်း၊ သားဆက်ခြားစောင့်ရှောက်မှုပေးခြင်း စသည့် မိခင်နှင့်ကလေးမျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများကို ကျေးလက်ဒေသများအထိ လက်လှမ်းမီရရှိကြရန်ဖြစ်ပြီး၊ ကျေးလက်ဒေသများတွင်ကျန်းမာရေးဌာနများ လွှမ်းခြုံမှုလိုအပ်နေသေးခြင်းနှင့် ရေမြေတောတောင်သဘာဝအတားအဆီးများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမီနိုင်သော ကိုယ်ဝန်ဆောင်မိခင်များအတွက် ဘေးအန္တရာယ်ကင်းသောမွေးဖွားခြင်းနှင့် မွေးဖွားပြီးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ကျေးလက်ဒေသများများတွင် ပြည်သူလူထုအကျိုးပြုနိုင်ရန်အတွက် အရန်သားဖွားများကို ယခုလိုလေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မိမိတို့တက်မြောက်ထားသည့် ပညာရပ်ဖြင့် မိမိတို့ရပ်ရွာ၊ ဒေသအတွင်းရှိ မိခင်နှင့်ကလေ စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ခြင်းသည် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၏ ကဏ္ဍတစ်ရပ်ကို ကိုယ့်အားကိုယ်ကိုးထောက်ကူဆောင်ရွက်မည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ အရန်သားဖွားဆရာမအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သေချာစွာသိရှိလိုက်နာပြီး ကိုယ်ဝန်ဆောင်မိခင်များအား အစောဆုံးတွေ့ရှိအောင်ရှာဖွေ၍ မိမိတို့အား လုပ်ပိုင်ခွင့်ပေးထားသည့် အတိုင်းအတာအတွင်း ကိုယ်ဝန်စောင့်ရှောက်ကြည့်ရှုခြင်း၊ သားဖွားခြင်းကြောင့် အန္တရာယ်ကျရောက်နိုင်သည့် မိခင်များအားရွေးထုတ်၍ ဆေးရုံသို့ပို့ဆောင်ခြင်းကို ဦးစားပေးဆောင်ရွက်ခြင်း၊ လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်(၂၀) ပတ်နှင့်(၃၅) ပတ် အကြာတွင် ကျေးလက်ကျန်းမာရေးဌာနသို့ ညွှန်းပို့၍ လိုအပ်သောစစ်ဆေးမှုများကိုပြုလုပ်စေခြင်း၊ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ဆေးရုံသို့ ပို့ဆောင်ပေးရသည့်မိခင်အား ကိုယ်တိုင်အတူတကွ လိုက်လံစောင့်ရှောက်ခြင်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များအတွက် မျှတသောအစားအစာများစားသုံးတက်ရန်နှင့် ဒေသတွင်းဖြစ်ပွားတက်သော ကူးစက်ရောဂါများကာကွယ်ရေး၊ ကလေးငယ်တိုင်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးနိုင်ရေးများကို ကျေးရွာပြည်သူများအား ကျန်းမာရေးပညာပေးနိုင်ရမည်ဖြစ်ကြောင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှု၊ သားဖွားဆရာမ၏ကွပ်ကဲမှုဖြင့် ကျေးလက်ကျန်းမာရေးဌာနမှ ချမှတ်ထားသော လုပ်ငန်းများကိုကူညီဆောင်ရွက်လျက် နှလုံးလှ၍ အရည်အသွေးပြည့်ဝသော အရန်သားဖွားဆရာမများ ဖြစ်အောင်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အရန်သားဖွားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ကာ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်ပိုပိုထွန်းက အရန်သားဖွားလက်ဆွဲအိတ်များ ပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁)ဦး က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)