နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ဖရူဆို နိုဝင်ဘာ ၄

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ထီးတရဲရပ်ကွက်၌ ဖြတ်သန်းသွားလာနေသော ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့က ကူးစက်မှုနှုန်း များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား  နှာခေါင်းစည်း  (Mask) တပ်ဆင်ပြီး သွားလာခြင်းရှိ/မရှိ စစ်ဆေး ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ  ပြည်သူများ လိုက်နာနေထိုင် သွားလာမှု ရှိစေရေးအတွက် ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိရှိစေရေး အသိပညာပေးပြီး နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း မရှိသူများ အား ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)