ငပုတောမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်   မီးဘေးကြိုတင်ကာကွယ်‌ရေး (Demonstration) လက်တွေ့ သရုပ်ပြ

ငပုတော မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး (Demonstration) သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် လက်တွေ့သရုပ်ပြဆောင်ရွက်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ ၊အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှု့အားပေးသည်။

ပထမဦးစွာမြို့နယ်မီးသတ်ဦးစီးအရာရှိဦးမင်းအောင်ကမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများအား  မီးဘေးကြိုတင်ကာကွယ်ရေးအသိ၊ သတိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး  မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်‌ရန် မီးသတ်ဆေးဘူးနှင့်မီးငြိမ်းသတ်ပုံ၊ ဆီမီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ပုံများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့‌နောက် မီးသတ်တပ်ဖွဲ့ဝင်များကသရုပ်ပြမီးငြိမ်းသတ်ခြင်း၊ ဝန်ထမ်းများကလက်တွေ့ သရုပ်ပြမီးငြိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဥ်ဖြင့် ရေပက်ဖြန့်မီးငြိမ်းသတ်သရုပ်ပြခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် အရေးပေါ်မီးငြိမ်းသတ်ရာတွင် (drychemical) ပေါင်ဒါမှုန့်ခြောက်မီးသတ်ဆေးဘူးနှင့် foam (အမြှပ်မီးသတ်ဆေးရည်တို့ဖြင့် မီးငြိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)