သာပေါင်း မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ တောင်ညိုဂန္ဓာရုံ ကျောင်းတိုက်၊ ဓမ္မရက္ခိတ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ နိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပြည်သူ့စစ်မှုထမ်းရန် တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကို ကာကွယ်ရန်နိုင်ငံသားတိုင်းမှာတာဝန်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ တရားမဝင်မီဒီယာများ၏ Online ပေါ်တွင် ကောလာဟလ လုပ်ကြံသတင်းများ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ကြောင့်ကြမှုမဖြစ်စေလိုကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ်ပြီး ချက်ခြင်းလက်ငင်း အကျုံးဝင်သူအားလုံး ခေါ်ယူမည်မဟုတ်ပါကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြထွေးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က ရှင်းလင်းဆွေးနွေးပွဲ တတ်ရောက်လာကြသော ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း