ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲ ဧက ၁၄၀၀၀ ကျော် နုတ်ယူပြီးစီး

ကျွန်းလှ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ၌ စိုက်ပျိုးသော မြေပဲဧက ၁၄၀၀၀ ကျော်နုတ်ယူပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ကျွန်းလှမြို့နယ်တွင် ယခုနှစ်‌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲစိုက်ပျိုးရန် (၁၃၈၉၆) ဧက လျာထားပြီး (၁၄၂၃၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ စိုက်ဧကအားလုံး နုတ်ယူပြီး တစ်ဧက ၇၅ ဒသမ ၂၅ တင်းထွက်ရှိကြောင်း သိရသည်။

“ကျွန်းလှမြို့နယ်မှာ ရာသီအလိုက် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးကြပါတယ်။ မြေပဲကို မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်ပျိုးကြပါတယ်။ အရင်က မြေပဲကို အလုပ် သမားငှားပြီး နုတ်ယူဆွတ်ခူးကြပါတယ်။ အခုအခါ ချွေလှေ့စက်တွေ အသုံးပြုလာကြ၍ ကုန်ကျစရိတ်သက်သာပြီး အချိန်တိုအတွင်း ချွေလှေ့ပြီးဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သင်တန်းဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲပြုလုပ်ခြင်း၊ ပိုးမွှားအန္တရာယ်ကျရောက်မှု ကင်းထောက်ခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ