ဂန့်ဂေါ မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ သမိုင်းဝင်ရွှေပြည်ဆိပ်ဦး ဆုတောင်းပြည့်စေတီတော်မြတ်ကြီးရှိ ပြည်လုံးချမ်းသာအာရုံခံတန်ဆောင်းနှင့် စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြုပြင်တည်ဆောက်မှု အစုစုတို့အတွက် ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါစေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဩကာသကန်တော့ချိုးဖြင့် ဘုရားရှစ်ခိုးကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ မြို့ခင်းသာတောင်ကျောင်းဆရာတော် ဦးဇဋိလထံမှ ငါးပါးသီလတရားကို ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ မြို့ခင်းသာတောင်ကျောင်းဆရာတော် ဦးဇဋိလအမှူးပြုသည့် ပင့်ဖိတ်ကြွလာ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများကို အမှတ်(၇၇၃) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးရဲခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်အေးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်လုံးချမ်းသာအာရုံခံတန်ဆောင်း ပြုပြင်တည်ဆောက်ခြင်းနှင့် စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြုပြင်တည်ဆောက်မှု(၁၉)ခုတို့အတွက် စုပေါင်းလှူဒါန်းငွေ(၇၇၀၃၁၈၃၉/-)ကျပ်ကို လှူဒါန်းခဲ့ကြသည့် စေတနာရှင်အလှူရှင်များအား ရွှေပြည်ဆိပ်ဦးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ မြို့ခင်းသာတောင်ကျောင်းဆရာတော် ဦးဇဋိလထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကာ ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၇၇၃)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးရဲခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်နိုင်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေပြည်ဆိပ်ဦးစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)