ပွင့်ဖြူ မတ် ၁၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီခွဲက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီကော်မတီအဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပြည်သူများ အစားအစာဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆတ်သော အသား/ငါး၊ အသီးအရွက်နှင့် စားကုန်ပစ္စည်းများကို စနစ်တကျရောင်းချကြရန်နှင့် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်ပြည်သူများကို သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်းလျှော့ချနိုင်ရေးအတွက် ဈေးရောင်းချရာတွင် ပလတ်စတစ်ပစ္စည်း အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)