မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း (၁၇)မျိုးကို ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်

မြို့သစ် မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ မြို့သာယာလှပစေရန်အတွက် မြို့တွင်းလမ်းများ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ လမ်းနှင့်တံတားများ အဆင့်မြှင့်တင်ခြင်း၊ အခြားပြင်/ထိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂၉.၂၇)ကျပ်သန်းဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ရာ လမ်းလုပ်ငန်း (၅)ခု၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်း (၃)ခု၊ အုတ်ရေမြောင်းပြုလုပ်ခြင်း (၂)ခုနှင့် အခြားလုပ်ငန်း (၇)ခု၊ စုစုပေါင်း လုပ်ငန်း (၁၇)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အပြီးသတ်လုပ်ငန်းဖြစ်သည့် ကွက်သစ်ရပ်ကွက်၊ စကားဝါလမ်းကွန်ကရစ်လမ်းအရှည်ပေ (၁၁၀၀)ပေ၊  လမ်းအကျယ် (၁၂)ပေနှင့် ထု (၈)လက်မ လမ်းခင်းခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့က ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

အဆိုပါ လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ယင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ မြို့သာယာလှပ‌ကာ ရေစီးရေလာကောင်းမွန်ပြီး ဒေသနေပြည်သူများ ကျန်းမာရေး၊ လူနေမှုဘဝနှင့် သွား‌လာရေးပိုမိုအဆင်ပြေ​နေပြီဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)