ရွှေတောင် မတ် ၁၉
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏" လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာမကြီး ဒေါ်ခင်ယုနိုင် (အေပရယ်ယုနိုင်- ရွှေတောင်) က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသည့် စာပေချစ်သူများအား စာပေကိုမြတ်နိုး တန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ်စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှ ဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းစာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာမကြီး ဒေါ်ခင်ယုနိုင် (အေပရယ်ယုနိုင်- ရွှေတောင်) က စာရေးဆရာဒေါက်တာခင်မောင်ညို၏" လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း "စာအုပ်ပါ " မှားမှာကို မကြောက်ပါနဲ့" ခေါင်းစဉ်ပါ အမှားတွေဖြစ်မှာကြောက်လို့ မလုပ်ဘဲမနေပါနဲ့၊ အမှားကိုဝန်ခံပါ" စသည့်နှစ်ချက်ကို အဓိကထားဆွေးနွေးခဲ့ပြီး နာယကဆရာကြီး ဦးအုန်းမောင်က "အဲ့ဒီ ကောင်လေးမရှိတော့ဘူး" နှင့် "လူငယ်နှင့် အောင်မြင်ခြင်း" ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဆရာမကြီး ဒေါ်မြတ်နွယ် April Moon က "လူငယ်နှင့် မေတ္တာတရား" ဆောင်းပါးခေါင်းစဉ်ပါ ဆင်ခြင်တုံတရားကို လက်ကိုင်ထားရမည်ဟုသည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)