မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

မကွေး မတ် ၁၉

ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များကို မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို မတ်လ ၁၇ ရက်က အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပရာ ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်မြို့နယ် ဥပဒေရုံးများရှိ ဥပဒေအရာရှိများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဥပဒေအရာရှိကျင့်ဝတ် ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဥပဒေအရာရှိ ကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများဆန်းစစ်ချက် ဖြေဆိုပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေနှင့် တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်တို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် အကျဉ်းကို Video Clip ဖြင့် ပြသခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနရှိ၊ ဝန်ကြီးရုံး၊ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန၊ ဥပဒေမူကြမ်း စိစစ်ရေးနှင့် ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့် ဥပဒေအသိပညာ ပြန်ပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၏ ရှင်းလင်းဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေအရာရှိများက အသီးသီးထပ်ဆင့်ရှင်းလင်းဆွေးနွေး တင်ပြသည်။

ထို့နောက် တက်ရောက်လာသည့် ဥပဒေအရာရှိများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက တင်ပြချက်များအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)