တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "ပန်းလိုချင်အပင်ပျိုးတက်မှ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တောင်တွင်းကြီး မတ် ၁၉

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နေ့လယ်(၃)နာရီအချိန်က စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် "ပန်းလိုချင်အပင်ပျိုးတက်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက "ဆော့ကစားခြင်းနှင့်ကျန်းမာရေး"၊ "ကစားချိန်နားချိန် ပညာဆည်းပူးချိန်"၊ "ကလေးတို့ ရွှင်လန်းချမ်းမြေ့ကြပါစေ"၊ "ကလေးနှင့်အနုပညာ"၊ "လောကကိုအလှဆင်ပါ" စသည့် အတွေးအမြင်စာစုများအားဖတ်ကြားခဲ့ပြီး မိမိတို့နားလည်သဘောပေါက်သည်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စာရေးဆရာ တောင်တွင်းအောင်သက်ဦး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်တို့က စာပေလေ့လာဖတ်ရှု့ခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာပေအုပ်စာပေများ လေ့လာဖတ်ရှုပြီးပါက စာအုပ်ပါအနှစ်ချုပ်အကြောင်းအရာများ၊ မှတ်သားထားသင့်သည်များအား မှတ်စုစာအုပ်ဖြင့် ရေးမှတ်ရန်လိုပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကိုရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းသို့ စာကြည့်တိုက်သို့ စာငှားစာဖတ်လာရောက်ကြသည့် ကလေးငယ်(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)