ကျောက်ကြီးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ကျောက်ကြီး နိုဝင်ဘာ ၄

ပဲခူးတို်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် အသက်(၆၀) နှစ်နှင့် အထက်မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲထည့်ခြင်းကို မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲများပေးရာတွင် အောက်တိုဘာ(၂၉)ရက်နေ့မှ နိုဝင်ဘာ(၅)ရက်နေ့အထိ (၈)ရက် ကြာပြုလုပ်ပေးလျက်ရှိပြီး မဲရုံတာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း ကြိုတင်မဲလာရောက်ထည့်သော ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကြိုတင်ဆန္ဒမဲလက်မှတ်များ စနစ်တကျ ထည့်စေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် မဲရုံပေါင်း(၁၄၆)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၇၈၈၁)ဦးရှိပြီး နိုင်ငံပြင်ပ ရောက်ရှိနေသည့် နိုင်ငံခြားရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၅၆)ဦး၊ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သား များနှင့် ယင်းတို့နှင့် အတူနေအိမ်ထောင်စုဝင်များ (၄၆၄)ဦး ၊ ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၃)ဦး စုစုပေါင်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၇၆၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

Kခိုင် ပြန်/ဆက်