မြောင်းမြမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍ အသိပညာပေးဟောပြော

မြောင်းမြ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၃၀) နာရီအချိန်က လပွတ်ကုလားကျေးရွာအုပ်စု၊ ကျိုက်မောင်းဘုရားဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအုန်းသိန်း၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးတို့ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို‌ကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်တို့အား ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကိုလည်း ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ဟောပြောပွဲသို့ လပွတ်ကုလားကျေးရွာအုပ်စုရှိ ဒေသခံပြည်သူ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခြင်းတို့ကို သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြ

ခရိုင် (ပြန်/ဆက်)