ရေနံချောင်း မတ် ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းတက္ကသိုလ် သုံးထပ်စာသင်ဆောင်သစ်(စန္ဒကူးဆောင်)နှင့် မီတာ(၄၀၀) ပြေးလမ်းပါရှိသည့် ဘောလုံးအားကစားကွင်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ရေနံချောင်းတက္ကသိုလ် အားကစာကွင်းမုခ်ဦးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မီမီဇော်၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်တို့က သုံးထပ်စာသင်ဆောင်သစ်(စန္ဒကူးဆောင်)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား နံ့သာရေများဖြင့် ပက်ဖျန်းခဲ့ကြသည်။
အဆိုပါ သုံးထပ်စာသင်ဆောင်သစ်နှင့် အားကစားကွင်းကို ကျောင်းပိုင်တိုးချဲ့မြေ ၅ ဒသမ ၆၂ ဧကပေါ်တွင် အလျား ၁၉၂ ပေ၊ အနံ ၃၈ ပေရှိ သံကူကွန်ကရစ် သုံးထပ်စာသင်ဆောင်သစ်(စန္ဒကူးဆောင်)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံတော်ခွင့်ပြုငွေ ၇၇၀ ဒသမ ၃၃၆ ကျပ်သန်းဖြင့်လည်းကောင်း၊ မကွေးမြို့ AMK ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နိုင်ငံတော်ခွင့်ပြုငွေ ၇၀၆ ဒသမ ၇၉၄ ကျပ်သန်းဖြင့် အားကစားကွင်းမြေပြုပြင်ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ မီတာ(၄၀၀) ပြေးလမ်းပါရှိသော ဘောလုံးအားကစားကွင်းတစ်ခု တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ 400V ဝါယာလိုင်းသွယ်တန်းခြင်း၊ လမ်းမီးတပ်ဆင်ခြင်းလုပ်ငန်းများကို တာဝန်ယူတည်ဆောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် စာသင်ခန်းလုံးလောက်မှုရှိပြီး စိတ်ကြည်နူးပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် ရေနံချောင်းတက္ကသိုလ်မှ တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမတွင် သုံးထပ်စာသင်ဆောင်သစ်(စန္ဒကူးဆောင်)၊ အားကစားကွင်းဖွင့်ပွဲအခမ်းအနားနှင့် ထူးချွန်ပုဂ္ဂိုလ်များ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် စားတမ်းဖတ်ကြားရန် ရွေးချယ်ခြင်းခံရသော ရေနံချောင်းတက္ကသိုလ်မှ စာတမ်းရှင်များနှင့် ဆုရစာတမ်းရှင်များကိုလည်းကောင်း၊ အထက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ ဖူဆယ်လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်းခံရသော ကျောင်းသားနှစ်ဦးနှင့် ကဏ္ဍအလိုက် အခြားထူးချွန်ပုဂ္ဂိုလ်များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)