ကြံခင်း မတ်လ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူBook Club အဖွဲ့နှင့် Woman Club အဖွဲ့ဝင်တို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော ‟ အတွေးမှန်ကူကွက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှူခြင်းဖြင့် ဖတ်မှတ်ထားသည်များ အသိပညာဖလှယ်နိုင်စေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ပြီးကျင်းပကြောင်း မြို့နယ် ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ Woman Club အဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)ရေးသားသော “အတွေးမှန်ကူကွက်များ” စာအုပ်ပါ အကြောင်းအရာများ မှ “ကျောင်းဆရာကြိုက်မိတဲ့ စာတစ်ပုဒ်” ခေါင်းစဉ်အားလည်းကောင်း၊ "လူဖြစ်အောင် ထုဆစ်ပေးခဲ့ကြသူများ” ခေါင်းစဉ်အားလည်းကောင်း၊ “လွတ်လပ်ရေး၏ အရသာ” ခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။
ဆက်လက်ပြီး စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)၊ ရာဇာငယ်(ကနောင်)နှင့် အဖွဲ့ဝင်များက အဆိုပါစာအုပ် ခေါင်းစဉ်ပါ အချက်များအပေါ်သုံးသပ်ဆွေးနွေးရာတွင် လူငယ်များ မိမိဘဝတည်ဆောက်ရာတွင် အယူအဆများ၊ အကြံအဉာဏ်ကောင်းများရှိပါစေ ဘဝအောင်မြင်တိုးတက်ဖို့အတွက် မိမိ၏ စိတ်နေသဘောထားကို ထိမ်းသိမ်းနိုင်ဖို့လိုပါကြောင်း၊ အသိပညာနဲ့ မိမိစိတ်ကိုထိန်းချုပ်နိုင်မှ မိမိတိုးတက်ရာလမ်းကြောင်းအမှန်ကို ရွေးချယ်နိုင်မှာဖြစ်ကြောင်းအား ရေးသားထားပြီး အဆိုပါစာအုပ်မှ ခေါင်းစဉ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက အသိပညာပေးသုတ၊ ရသစာအုပ်မျိုးစုံခင်းကျင်း ပြသထားခြင်းအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှူကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)