ပေါက်ခေါင်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ စားရေရိက္ခာဖူလုံရေးနှင့် ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် နွေစပါးစိုက်ပျိုးရန် ၁၁၄၂၄ ဧကလျာထားခဲ့ရာ မတ်လ ၁၅ ရက်နေ့အထိ ၉၅၁၅ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တစ်ခုလုံးအနေဖြင့် နွေစပါးစိုက်ပျိုးနိုင်သည့်ရပ်ကွက်၊ ကျေးရွာ ၂၁ ခုရှိပြီး နွေစပါးစိုက်ပျိုးပြီးစီးမှု ၈၃ ဒသမ ၈၈ ရာခိုင်နှုန်းထိစိုက်ပျိုးပြီးစီးပြီဖြစ်သည်။ ဒေသခံများအနေဖြင့် စပါးမျိုးများကို နေရာဒေသ၊ ဆည်ရေရရှိမှုအနည်းအများပေါ်မူတည်၍ တစ်ဧကအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရတနာတိုး၊ ရက်(၉၀)၊ ထိုင်းနှံကောက်၊ ရေအနဲလို(၇)၊ ဗီယက်နန်၊ YSR-1 နှင့် YAR-14 စပါးမျိုးများကို စိုက်ပျိုးကြပြီး မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အချိန်မီစိုက်ပျိုးပြီးစီးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိရေးကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးနည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်းနှင့် သွင်းအားစုများစနစ်တကျသုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပျိုးထောင်စိုက်စနစ်ဖြင့် ၁၂၈၉ ဧက၊ ကောက်စိုက်စက်ဖြင့် ၃၅၂ ဧက၊ တိုက်ရိုက်အစေ့ချစနစ်ဖြင့် ၇၈၇၄ ဧက စုစုပေါင်း ၉၅၁၅ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)