ရွှေသောင်ယံမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်

ရွှေသောင်ယံ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ရပ်ကွက်၊‌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအတွင်း လိုက်လံဖြန့်ဝေကာ ပြည်သူများနားလည်သဘောပေါက်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားပြီးဖြစ်သည်။

လက်ကမ်းစာစောင်တွင် စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားများ၊ စစ်မှုထမ်းရမည့်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိန်ရန်မလို၊ ဘာကြောင့်စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းများခံစားခွင့်၊ နိုင်ငံခေါင်းဆောင်များ၏ အဆိုအမိန့်များ စသည်ဖြင့် ပြည်သူများသိရှိထားရမည့် အကြောင်းအရာများကိုဖေါ်ပြထားသည်။

ယခုအခါတွင် ရွှေသောင်ယံမြို့ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့်  အကြောင်းအရာများကို ပြည်သူများနှင့် ဆွေးနွေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲများသို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ ရပ်မိ၊ ရပ်ဖများ၊ ပြည်သူများစုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)