ဖာပွန်မြို့၌ မဲဆန္ဒနယ်ပြင်ပ​ရောက်ကြိုတင်ဆန္ဒမဲလက်မှတ်များအား ချိတ်ပိတ်ထားသော မဲပုံးများအတွင်းသို့ ထည့်သွင်းခြင်းများ ဆောင်ရွက်

ဖာပွန် နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်ပြင်ပ​ရောက် ကြိုတင်ဆန္ဒမဲလက်မှတ်များအား ချိတ်ပိတ်ထားသော မဲပုံးများအတွင်းသို့ထည့်သွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မင်းထွန်းက မဲဆန္ဒနယ်ပြင်ပ​ရောက် ကြိုတင်ဆန္ဒမဲလက်မှတ်များအား ချိတ်ပိတ်ထားသောဆန္ဒမဲပုံးများအတွင်း ထည့်သွင်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

မဲဆန္ဒနယ်ပြင်ပ​ရောက် ကြိုတင်ဆန္ဒမဲများတွင် ပုံစံ(၁-၁)ဖြင့် လျှောက်ထားလာသည့် ကြိုတင်ဆန္ဒမဲ(၁၃)မဲ၊ ပုံစံ (၁-၂) ဖြင့်လျှောက်ထားလာသည့် ကြိုတင်ဆန္ဒမဲ(၈၃၁)မဲ ပုံစံ(၁-၃)ဖြင့် လျှောက်ထားလာသည့် ကြိုတင်ဆန္ဒမဲ(၅၂)မဲစုစု​ပေါင်းကြို တင်ဆန္ဒမဲ(၈၉၆)မဲရှိကြောင်းသိရှိရသည်။  အဆိုပါမဲဆန္ဒနယ်ပြင်ပ​ရောက် ကြိုတင်ဆန္ဒမဲများကို တက်ရောက်လာသော နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် ခရိုင်၊မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ​ရှေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်စသည့် လွှတ်​တော်ကိုယ်စားလှယ်အသီးသီးတို့၏ ချိတ်ပိတ်ထားသော ကြိုတင် ဆန္ဒမဲပုံးများ အတွင်းထည့်သွင်းပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ သိမ်းဆည်းထားကြောင်း သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)