ငပုတောမြို့နယ်၌ သက္ကာယ်ချောင်းကျေးရွာ၌ အောင်သိဒ္ဓိဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ ငှက်မြတ်နားတော် ၊ရတနာစိန်ဖူးတော်တင်လှူပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ငပုတော မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သက္ကာယ်ချောင်း‌ကျေးရွာ၊ သာသနာ့နယ်မြေ အတွင်း၌  တည်ထားကိုးကွယ်တော် မူအပ်သောအောင်သိဒ္ဓိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏  ရွှေထီးတော်၊ငှက်မြတ်နားတော်၊ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က  အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီးနောက် ဆရာတော်အရှင်သူမြတ် ထံမှ (၉) ပါးသီလခံယူဆောက်တည်ကာ  စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဆရာတော်အရှင်သူမြတ်ထံ မြို့နယ်စီမံအုပ်ချုပ်ရေး၊ အဖွဲ့ဝင် (၂) ဦးသန်းဦး  နှင့်စေတနာရှင် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်ချ အမျှပေးဝေခဲ့သည်။

ဆက်လက်ပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်များတို့အား သာသနာတော်ဆိုင်ရာ အခမ်းအနားနှင့်အညီ ပင့်ဆောင်ပူဇော်ကာ စေတီတော်မြတ်ကြီးအား  လက်ယာရစ် (၃) ပတ်ပူဇော်ခဲ့ပြီးမင်္ဂလာရထားပျံဖြင့်ပင့်ဆောင်ကာ “ ဖူးပွင့်သစ္စာမြန်မာသံတေးဂီတအဖွဲ့က” ဂုဏ်ပြုမင်္ဂလာပိုဒ်စုံရတုဖြင့် သီဆိုပူဇော်သည်။

ထို့နောက်မင်္ဂလာအချိန်တွင် ရွှေထီးတော်နှင့်၊ ငှက်မြတ်နားတော်နှင့်ရတနာ စိန်ဖူးတော်တို့အား”မင်္ဂလာရထားပျံဖြင့်“အောင်မြင်စွာတင်လှူပူဇော်ခဲ့ပြီးနောက်”ဇိတံမေ”အောင်ဂါထာရွတ်ဆို၍  ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းခဲ့‌ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)