ကန်ကြီးထောင့် မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲအခမ်း အနားအား ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ဝေနေယျသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဟောပြာပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလိုကြောင်း၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောပို့ချခဲ့သည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါဟောပြောပွဲအခမ်းအနားသို့ ရပ်ကွက်နေပြည်သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)