မြို့သစ် မတ် ၁၈
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ကိုရံတောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ကိုရံတောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ တစ်ထပ်ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် မကွေးတိုင်းဒေသကြီး တိုင်းပညာရေးမှူး ဦးသက်လေးဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့သည်။
ဆက်လက်၍ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများအား ဇွဲရဲရင့်ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ မြို့သစ်မြို့နယ် ပညာရေးမှူးဦးဝင်းအောင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကိုရံတောင်ကျေးရွာ ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် အလံငယ်များ ပေးအပ်ခဲ့သည်။
အဆိုပါကိုရံတောင်ကျေးရွာ၊ တစ်ထပ်ကျောင်းဆောင်သစ်အား ၂၀၂၂-၂၀၂၃/ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး၊ ပြည်ထောင်စုရန်ပုံငွေ (ငွေလုံးငွေရင်း) အသုံးစရိတ်ငွေကျပ်သန်း ( ၉၉ ဒသမ၉ )သန်းဖြင့်( ၉၀×၃၀) ပေ steel - structure တစ်ထပ်ကျောင်းဆောင်သစ်ကို ဇွဲရဲရင့်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)