မုံရွာ မတ် ၁၈
ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်မှုများကို ဆောင်ရွက်းပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ချင်းတွင်းရတနာ၊ မြသလ္လာ၊ သီရိရတနာ ဈေး ၃ ဈေးသို့ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ယာဉ်ဖြင့် ရောက်ရှိပြီး အဆိုပါဈေးများအတွင်းအပြင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးတာဝန်ခံများအား လျှပ်စစ်မီးအန္တရာယ် ကင်းဝေးစေရေး၊ ရေရရှိရေး၊ D.C.P မီးသတ်ဆေးဘူးများကို သတ်မှတ်ချက်များနှင့်အညီ ထားရှိစေရေး၊ ဈေးသူ/သားများ မီးကိုစနစ်တကျ သုံးစွဲစေရေး၊ Automatic Sprinkler System တပ်ဆင်ထားရှိရန် မှာကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင် ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဈေးများရှေ့တွင် လက်တွေ့မီးငြိမ်းသတ်နည်းများကို စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်လည်း ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီးနှင့် မီးဖိုအတွင်းရှိမီးများကို စနစ်တကျ ငြှိမ်းသတ်ပြီးမှအိပ်ကြပါရန်၊ လျှပ်စစ်မီးများ ကိုင်တွယ်သုံးစွဲရာတွင်လည်း သတိထား၍ ကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ ဆောင်ရွက်သွားကြရန်တို့ကို ရပ်ကွက်လမ်းများတလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)