မင်းဘူး နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ (၂၈)ဦး ကျန်းမာရေးကောင်မွန်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောကြားခဲ့သည်။
ဆေးရုံဆင်းခွင့်ရရှိသူ(၂၈)ဦးအနက် ဆင်ခေါင်းကျေးရွာမှ အမျိုးသမီး (၂)ဦးနှင့် ကိုင်းတော ကြီးကျေးရွာမှ အမျိုးသမီး (၃)ဦးတို့မှာ ရန်ကုန်မှ ပြန်လာသူများဖြစ်ပြီး မင်းဘူးမြို့ အမှတ်(၃) ရပ်ကွက်မှ အမျိုးသမီး (၁)ဦး၊ အမှတ်(၄)ရပ်ကွက်မှ အမျိုးသမီး (၁)ဦး၊ ကုန်းသာကျေးရွာမှ အမျိုးသား(၈)ဦးနှင့် အမျိုးသမီး (၁၃)ဦး တို့မှာ ပိုးတွေ့အတည်ပြုလူနာနှင့် ဆက်စပ်သူများ ဖြစ်သည်။
“ရန်ကုန်(NHL)ကို အောက်တို့ဘာ ၂၅ ရက်နေ့က ဓါတ်ခွဲနမူနာရယူကာ ပေးပို့စစ်ဆေး ခဲ့ရာမှ ပိုးတွေ့ရှိသူများဖြစ်ပါတယ်။ ဆေးရုံဆင်းသတ်မှတ်ရက် ပြည့်မြောက်ပြီး ကျန်းမာရေး ကောင်းမွန်တာကြောင့် ဆေးရုံဆင်းခွင့်ပြုလိုက်တာပါ။ ဆက်လက်ပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနဲ့အညီ Home Quarantine (၇)ရက် ဆက်လက် နေထိုင်သွားကြရမှာဖြစ်တယ်” လို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောကြားခဲ့ သည်။
မင်းဘူးမြို့တွင် ယနေ့အထိ ပိုးတွေ့အတည်ပြုလူနာ (၆၃)ဦးတွေ့ရှိခဲ့ပြီး ယနေ့ဆေးရုံဆင်း ခွင့်ရရှိသူ (၂၈)ဦး အပါအဝင် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း (၆၀)ဦးရှိကြောင်း၊ လက်ရှိဆေးရုံကြီး တွင် တက်ရောက်ကုသဆဲလူနာ (၃)ဦးသာ ကျန်ရှိတော့ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)