မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်‌နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

အထက်မင်းလှ မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုး၊ ခရိုင်လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဌေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးစီးဌာနတို့မှ ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ မန်းသံပုရာကန်ရေနံချက်စက်ရုံ၌ ဟိုက်ဒရိုကလိုရစ်အက်ဆစ်သတ်မှတ်ချက်များ နှင့်အညီ သိုလှောင်ထားရှိမှုရှိ/ မရှိ စစ်ဆေးပြီး စက်ရုံအတွင်းရှိ ဆီသိုလှာင်ကန်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်သရုပ်ပြမှုအား ကြည့်ရှုစစ်ဆေးခြင်း ကာရာအိုကေဆိုင်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းရှင်များ၊ တရားဝင်မှတ်ပုံတင်ထားခြင်းရှိ /မရှိ၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင်ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များရှိ/မရှိ၊ ဆင်ဆာမဲ့ မြန်မာ/နိုင်ငံခြားနှင့် ညစ်ညမ်းဗီဒီယိုခွေများ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း (ကာရာအိုကေ) တွင် သုံးစွဲခြင်းရှိ/ မရှိ၊ တရားမဝင်ကူးယူထားသော မြန်မာဗီဒီယိုအချပ်/ နယ်မြေကျော်လွန်၍ ပြသလျက်ရှိသော မြန်မာဗီဒီယိုအချပ်များရှိ/ မရှိ၊ မှတ်ပုံထားရှိသော လုပ်ငန်းရှင်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လုပ်ငန်းတည်‌နေရာများပြောင်းလဲ/ ပြောင်းရွှေ့ခြင်းရှိ/ မရှိနှင့် မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုရှိ/ မရှိနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုမရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  မြစ်သဲကျောက်စရစ် ထုတ်လုပ်နေသည့် လုပ်ငန်း‌ရှင်များအား‌ တွေ့ဆုံ၍ မြစ်သဲကျောက်ထုတ်လုပ်မှုများနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများ၊ တရားမဝင်ထုတ်လုပ်မှုမရှိ‌စေ‌ရေးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကုန်းကြီးကျေးရွာရှိ ကွင်းအမှတ် (၉၆၃) တောင်သူ ဦးဝင်းဘို၏ (၃) ဧကစိုက်ကွင်းတွင် မြေအောက်ရေကို အသုံးပြု၍ ရေမှုန်ရေမွှားရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ သရက်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးက မြေအောက်ရေကို အသုံးပြု၍ ရေမှုန်ရေမွှားရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးမှုအ ခြေအနေအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုမည့် ဂေါ်ဒန်ကျောက်များ စီးပွားဖြစ်ထုတ်ယူနိုင်ရေးအတွက် ရေခါးကျေးရွာအုပ်စု ရုံးပင်ကြောသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)