တောင်ငူ နိုဝင်ဘာ ၄
တောင်ငူမြို့နယ်အတွင်း အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များထံမှ ကြိုတင်မဲများ ရယူခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ အုပ်စု (၆၄) အုပ်စု၌ အိမ်တိုင်ရာရောက် ကောက်ယူနေပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အိမ်တိုင်ယာရောက် ကြိုတင်ဆန္ဒမဲများရယူရာမှာ ပါတီအသီးသီးမှ မဲရုံကိုယ်စားလှယ်များ၊ အထူးရဲ နှင့် မဲရုံမှတာဝန်ရှိသူများ ပါဝင်သောအဖွဲ့က ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေးကြောင်း၊ ယခုလို မဲပေးရတာဟာ မိမိတို့လို ကျန်းမာရေးအရသော် လည်းကောင်း၊ အသက်အရွယ်အရ သော်လည်းကောင်း၊ သွားလာရန်အခက်အခဲရှိသူတွေ အတွက်သော်လည်းကောင်း မဲပေးခွင့်မဆုံးရှုံး ရန် ဆောင်ရွက်ပေးတဲ့အပေါ် ပိုမိုကောင်းမွန်သည်ဟု ယူဆကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အတွက် လည်း ကြိုတင်နိုင်သဖြင့် အန္တရာယ်ကင်းစွာ ဆန္ဒမဲပေးနိုင်ကြောင်း အသက် ၇၈ နှစ်အရွယ် အဘွား တစ်ဦးက ပြောကြားသည်။
တောင်ငူမြို့နယ်အတွင်း အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးချင်သူများအတွက် စာရင်း ကောက်ခံပြီး ရွေ့လျားစနစ်ဖြင့် ကြိုတင်မဲများ ကောက်ခံခြင်း၊ အသက် ၆၀ နှစ်နှင့် အထက် ကြိုတင် ဆန္ဒမဲများကို ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကောက်ခံလျက်ရှိပြီး မဲပေးခြင်း လုပ်ငန်းစဉ်တွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်မှတ်ရက်များတွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ၊ Quarantine Center များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရသည့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးမဆုံးရှုံးစေရန် သတ်မှတ်နေရာများ အလိုက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
တောင်ငူမြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု(၆၄) အုပ်စုတွင် မဲရုံပေါင်း (၁၉၃) ရုံထားရှိ သွားမှာဖြစ်ကာ ဆန္ဒမဲပေးနိုင်သူဦးရေ (၁၉၀၀၀၀) ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
ဇော်ထက် (တောင်ငူ)