မင်းဘူး မတ် ၁၈
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဥ်မှ ဌာနေဖွား ဒေသရင်းမျိုးစိတ် ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင်များကို မျိုးသုဉ်း မျိုးဆက်မပြတ်စေရန် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်တွင် ရှိပြီး၊ ဧရိယာစတုရန်းမိုင် ၂၁၃.၄ မိုင် ကျယ်ဝန်းပြီး၊ အပူပိုင်းခြောက်သွေ့သော သန်းဒဟတ်တောများကိုလည်းကောင်း၊ မုန်းချောင်းနှင့် မန်းချောင်း ရေဝေကုန်းတန်းများကိုလည်းကောင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၄၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ရွှေသမင်စားကျက်နေရာ များလည်း ပါဝင်ခဲ့သည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဥ်မှ ရွှေသမင်များကို ထိန်းသိမ်း စောင့်ရှောက်ထားသည် မှာ ၂၀၁၂ ခုနှစ်မှစတင်ကာ နေပြည်တော် ဆာဖာရီဥယျာဉ်နှင့် ပုဂံလောကနန္ဒာဥယျာဉ်များမှ အထီး ၅ ကောင်၊ အမ ၇ ကောင်ဖြင့်စတင်ကာ မွေးမြူ ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အထီး ၁၉ ကောင်၊ အမ အကောင် ၃၅ စုစုပေါင်း ရွှေသမင် ၅၄ ကောင်ရှိပြီး အစာကျွေးခြင်း၊ ရေတိုက်ခြင်းနှင့် ဖြည့်စွတ်စာများကို ဝယ်ယူကျွေးမွေးခြင်းတို့ကို ဂေါပကအဖွဲ့ဝင်များက အနီးကပ် ထိန်းသိမ်းစောင့်ရှောက် ထားရကြောင်း သိရသည်။
“ ကြယ်လိပ်တို့ ရွှေသမင်တို့ဆိုတာ ကမ္ဘာ့ ရှားပါးမျိုးစိတ် စာရင်းဝင်တွေပါ ကျွန်တော်တို့ မြန်မာ့ရွှေသမင် တွေ ဆိုရင်လည်း မြန်မာတစ်နိုင်ငံတည်းမှာသာရှိတဲ့ ဌာနေဖွား ဒေသရင်းမျိုးစိတ်များဖြစ်ပြီး အလွန်မတန်မှ ရှားပါးတဲ့အတွက် မျိုးသုဥ်း မျိုးဆက်မပြတ်စေရေး၊ ရွှေသမင်သားပေါက်များ တိုးပွားလာစေရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ထားရပါတယ်။ ရွှေစက်တော်ဘုရားပွဲတော်ရာသီနှင့် ပွင့်လင်းရာသီများရောက်ရှိပြီး မင်းဘူး (စကု) မြို့နယ်မှ အထင်ကရနေရာများအား လာရောက်လည်ပတ်တဲ့အခါ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်မှ ဒေသရင်းမျိုးစိတ် မြန်မာ့ရွှေသမင်များကိုလည်း လာရောက်လေ့လာကြည့်ရှု၍ ရပါတယ်” ဟု ရွှေစက်တော်ဂေါပက ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။
ဇေယျာထက်(မင်းဘူး)