မြိတ် မတ် ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ တာဝန်ပေးချက်အရ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်ဗဟိုကော်မတီမှ ပေးပို့လာသော လူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်များ စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS Software)သို့ မြိတ်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများ၏ သတ်မှတ်မဲရုံအလိုက် ပြည့်စုံမှန်ကန်စွာ စာရင်းထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီခွဲက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မဲဆန္ဒရှင် စာရင်းပြည့်စုံ မှန်ကန်ရေး ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် ရွေးကောက်ပွဲအတွက် အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းများ မှားယွင်းမှုရှိခဲ့သည့်အတွက် ကော်မရှင်အနေဖြင့် မဲစာရင်း ပြည့်စုံမှန်ကန်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကို အလေးထားသည့်အတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီများကို ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပေးခဲ့ပြီး ဆောင်ရွက်စေခဲ့ကြောင်း၊ ယနေ့အစည်းအဝေးတွင် ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့အနေဖြင့် မဲစာရင်းပြုစုရာတွင် လိုအပ်သည့် အချက်အလက်များ အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဘွားက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီမှ ပေးပို့လာသော မြိတ်ခရိုင်၏ လူဦးရေစာရင်း (ပထမမူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒု-ခရိုင်အုပ်ချုပ် ရေးမှူး ဦးမင်းဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရာ၌ တွေ့ရှိရသည့် လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ် ဦးစီးမှူးများ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကာ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့မှ online ဖြင့် တက် ရောက်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)