လက်ပံတန်း နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် အသက် ၆၀ နှစ် နှင့် နာမကျန်းသူများအား ကြိုတင်ဆန္ဒမဲပေး ခြင်းကို လက်ပံတန်း မြို့နယ် ရပ်ကွက်၊ကျေးရွာများတွင် အောက်တိုဘာ (၂၉) ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်မဲ များ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက မဲရုံသို့ လာရောက်ရန်အခက်အခဲရှိသည့် အသက် (၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်း သူများအား ကြိုတင်ဆန္ဒမဲပေးရန်အတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်များ နှင့်အညီ ကွင်းဆင်းကောက်ယူခြင်းဖြစ်ပြီး လက်ပံတန်းမြို့နယ် တွင်အသက် (၆၀) နှစ်နှင့် အထက် မဲပေး ပိုင်ခွင့်ရှိသူ (၂၁၄၈၂)ဦးခန့် ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ထိုသို့အိမ်တိုင်ရာရောက် ကြိုတင်မဲများကောက်ခံရာတွင် ပေါက်ကြားမှုမရှိစေရေး၊ လုံခြုံမှုရှိစေရေး အတွက် လှို့ဝှက်မဲပေးခြင်း ချိတ်ပိတ်ထားသည့်မဲပေးပုံးများဖြင့် ကြိုတင်မဲ ပေးရန် ရွှေ့လျားပြုလုပ်ခဲ့ကြပြီး ပါတီအသီးသီးမှ မဲရုံကိုယ်စားလှယ်များက လိုက်လံကြည့်ရှုမှတ်တမ်းတင်ခဲ့ကြ ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး