ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး

ပွင့်ဖြူ မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မတ် ၁၆ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများစသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားမျာသာ၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ် ပူပန်စရာ မလိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများကို လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု လုပ်ရပ်များအပေါ် ပြည်သူနှင့် ဆက်နွယ်ပါဝင်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာ ရမည့်အချက်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင် ၊ စောင်ရေ ၁၅၀ စောင်အား ဒေသခံပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)